JS နှင့် Variable ကြေညာခြင်း အနုပညာ (၂) 🧩

Tue Jan 07 2025 4 mins read


JS နှင့် Variable ကြေညာခြင်း အနုပညာ (၂) 🧩

JS Variable Naming


JavaScript မှာ Variable တွေကို အမည်ပေးတဲ့အခါ ကြုံသလိုကျပန်းအမည်ပေးခြင်းထက် ကုဒ်တွေကို စည်းစနစ်ကျကျ အများနားလည်လွယ်ဖို့၊ ထိန်းသိမ်းပြုပြင်ရလွယ်ဖို့အတွက် တိကျကောင်းမွန်တဲ့ အမည်တွေကို ပေးသင့်ပါတယ်။ ကောင်းမွန်တဲ့ Variable အမည်တွေရရှိစေဖို့ JavaScript မှာ လိုက်နာနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။


၁။ var ကို တတ်နိုင်သမျှ အသုံးမပြုပါနဲ့။


"တချိန်ချိန်မှာ ပြောင်းလဲသွားမယ့် တန်ဖိုးတွေအတွက် let ကိုအသုံးပြုပါ။ မပြောင်းလဲဘဲရှိမယ့် ကိန်းသေတန်ဖိုးတွေအတွက် const ကို အသုံးပြုပါ။"


ES6 မတိုင်ခင်က Variable တွေကြေညာဖို့အတွက် var Keyword ကို အသုံးပြုခဲ့ကြပေမယ့် မျှော်လင့်မထားတဲ့ Bug တွေကြောင့် var အစား let နဲ့ const ကိုသာ အသုံးပြုလာကြပါတယ်။ var နဲ့ const ဟာ Block-scoped Behavior ကို ရရှိစေတဲ့အတွက် ပိုပြီး နားလည်ရလွယ်တဲ့၊ ပြုပြင်ထိန်းသိမ်းရလွယ်တဲ့ ကုဒ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ (အပြည့်အစုံကို ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် - https://www.facebook.com/share/p/9APATrBSDFxwXihi )


၂။ ရှင်းလင်းတိကျတဲ့အမည်တွေကို အသုံးပြုသင့်ပါတယ်။


Variable တခုရဲ့ ရည်ရွယ်ချက်ကို တိတိကျကျဖော်ပြနိုင်ဖို့အတွက် ရှင်းလင်းတိကျတဲ့အမည်တွေကိုသာ အသုံးပြုသင့်ပါတယ်။ Developer တွေကို ရှုပ်ထွေးစေနိုင်မယ့် အမည်တွေကို အသုံးမပြုသင့်ပါဘူး။ (X,a, temp, custNm, ordSt, empRec စသည်ဖြင့် အသုံးမပြုသင့်ပါဘူး)


နမူနာ -

x အစား firstName ကို သုံးပါ။

dob အစား dateOfBirth ကို သုံးပါ။


၃။ Camel Case Convention ကိုသုံးပါ။


JavaScript မှာ Variable အမည်ပေးခြင်းတွေအတွက် Camel Case ကိုသာ အသုံးပြုကြတာဖြစ်ပါတယ်။


နမူနာ -


fullname အစား fullName ကို သုံးပါ။ order_date အစား orderDate ကိုသုံးပါ။


၄။ Constant တွေအတွက် Uppercase ကိုအသုံးပြုပါ။


မပြောင်းလဲတဲ့ ကိန်းသေတန်ဖိုးတွေအတွက် Uppercase Letter တွေနဲ့ Underscore ကို အသုံးပြုပြီး ကြေညာသင့်ပါတယ်။ ဒါဟာ const တန်ဖိုးတွေကို ပုံမှန် Variable တွေနဲ့ သိသိသာသာ ကွဲပြားနိုင်စေမှာဖြစ်ပါတယ်။


နမူနာ -

const PI = 3.14;

const API_KEY;


၅။ Single Character တွေကို မသုံးပါနဲ့။


ပုံမှန်အားဖြင့် Single Character Variable တွေကို Iteration Loop တွေမှာသာ သုံးလေ့ရှိပေမယ့် တခြားသောရည်ရွယ်ချက်နဲ့ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။


နမူနာ -


i အစား index ကို သုံးပါ။


၆။ Array တွေအတွက် အများကိန်းကို သုံးပါ။


Array တွေဟာ Multiple Element တွေကို ကိုယ်စားပြုတဲ့အတွက် အများကိန်းအမည်တွေကိုသာ အသုံးပြုသင့်ပါတယ်။


နမူနာ -

let items = ["apple", "banana"]


၇။ Prefix Boolean Variable


Boolean တန်ဖိုးတွေအတွက် is, has, can စသည်ဖြင့် Prefix လေးတွေ ထည့်သုံးခြင်းအားဖြင့် ရည်ရွယ်ချက်ကို ပိုမိုနားလည်စေမှာဖြစ်ပါတယ်။


နမူနာ -

let isActive = true;

let hasDiscount = false;

let canEdit = true;

let isLoggedIn = false;


၈။ Scope-Aware Naming


Variable တွေကို သက်ဆိုင်ရာ Scope တွေအတွက် သီးခြားရည်ရွယ်ပြီး အသုံးပြုလိုတဲ့အခါ Prefix လေးတွေကို လိုအပ်သလို ထည့်သွင်း အသုံးပြုသင့်ပါတယ်။ ကုဒ်တွေများလာတာနဲ့အမျှ အမည်တူနိုင်မယ့် Variable တွေကိုလည်း တွေ့ကြုံလာနိုင်တဲ့အတွက်ဖြစ်ပါတယ်။


နမူနာ -

let globalCounter = 0;

let localIndex = 5;


၉။ Variable တွေကို ကုဒ်တ​ကြောင်းထဲမှာ စုပေါင်းပြီး မကြေညာသင့်ပါဘူး။


JavaScript မှာ Variable တွေကို ကုဒ်တကြောင်းထဲ စုပေါင်းပြီး ကြေညာနိုင်ပါတယ်။ သို့ပေမယ့် အဲဒီလိုကြေညာတာဟာ ကုဒ်ကို ဖတ်ရခက်စေတဲ့အတွက် အသုံးမပြုသင့်ပါဘူး။


နမူနာ -

let isActive = false, canEdit = true


အထက်မှာဖော်ပြခဲ့တဲ့ Naming Technique တွေကို အသုံးပြုခြင်းအားဖြင့် ကုဒ်တွေကို ရှင်းလင်းစေပြီး နားလည်ရလွယ်ကူစေမှာဖြစ်ပါတယ်။ Variable တခုကို ကြေညာတဲ့အခါ အချိန်ယူပြီး သေသေချာချာ ကိုင်တွယ်ဖန်တီးနိုင်ခြင်းဟာ Developer တိုင်းမှာ ရှိသင့်တဲ့ အလေ့အထတခုလည်း ဖြစ်ပါတယ်


#CodeWithThura


0

Comments