API တွေကို ဘယ်လိုသုံးရမလဲ

Mon May 26 2025 8 mins read


API တွေကို ဘယ်လိုသုံးရမလဲ

API ဆိုတာ Application Programming Interface ရဲ့အတိုကောက်ဖြစ်ပြီး ဆော့ဖ်ဝဲနှစ်ခုကို အပြန်အလှန်ချိတ်ဆက်ပေးတဲ့ ပေါင်းကူးတံတားအဖြစ် အလွယ်မှတ်ယူနိုင်ပါတယ်။ API တွေက ဒေတာရယူခြင်း၊ ဖလှယ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ Rule တွေ၊ Protocol တွေကို သတ်မှတ်ပါတယ်။


API တွေကို ပြင်ပ Resource တွေကနေ အချက်အလက်တွေရယူဖို့၊ ပြင်ပ Service တွေဆီ ဒေတာပို့ပေးဖို့၊ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက် (Action) တွေ လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Web Development နယ်ပယ်မှာ API တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ လူမှုကွန်ယက်ပလက်ဖောင်းတွေ၊ မိုးလေဝသအချက်အလက်တွေ၊ ငွေကြေးဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုတွေ စသည်ဖြင့် လုပ်ငန်းအမျိုးမျိုးကနေ ဒေတာအချက်အလက်တွေရယူဖလှယ်ဖို့အတွက် အသုံးပြုကြတာပါ။


မတူညီတဲ့ အမျိုးအစား၊ မတူညီတဲ့ ခေါင်းစဉ်အမျိုးမျိုး၊ မတူညီတဲ့ ရည်ရွယ်ချက်ကိုယ်စီနဲ့ API တွေ အများအပြားရှိပါတယ်။ ဒါကြောင့် API တွေကို ခေါ်ယူ အသုံးချဖို့ ပထမဆုံးလုပ်ရမှာက ကျွန်တော်တို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ API တခုကို စနစ်တကျ ရွေးချယ်ဖို့ပါ။


လူသုံးများတဲ့ API အမျိုးအစားကတော့ RESTful API တွေပါ။ ဒေတာတွေကို ရိုးရိုးရှင်းရှင်း ရယူဖို့၊ ပြုပြင်ဖို့အတွက် သုံးပါတယ်။ RESTful API တွေက GET, POST, PUT, DELETE လိုမျိုး Standard HTTP Method တွေကို သုံးပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ အတွေ့အများဆုံး API တွေ ဖြစ်နေတာပါ။


တချို့အွန်လိုင်းဝန်ဆောင်မှုတွေက သူတို့ရဲ့ဒေတာတွေကို ခေါ်ယူသုံးစွဲနိုင်စေဖို့အတွက် API တွေထုတ်ပေးတတ်ကြပါတယ်။ Twitter API, Google Maps API, Github API စသည်ဖြင့် အများအပြားရှိပါတယ်။ ရာသီဥတုဒေတာလိုချင်ရင် OpenWeatherMap ဒါမှမဟုတ် WeatherAPI တို့လို API တွေကိုရွေးချယ်နိုင်ပါတယ်။ စတော့စျေးနှုန်းတွေလို ငွေကြေးဆိုင်ရာဒေတာတွေ ရယူဖို့ဆိုရင် Alpha Vantage ဒါမှမဟုတ် Yahoo Finance တို့လို API တွေကို သုံးနိုင်ပါတယ်။ လက်ရှိရေပန်းအစားဆုံးဖြစ်တဲ့ AI Model တွေအတွက်ဆိုရင် OpenAI တို့၊ Deepseek တို့လို API တွေကို သုံးလို့ရပါတယ်။


ဒီဆောင်းပါးမှာတော့ ရိုးရှင်းပြီး နားလည်ရလွယ်ကူအောင် RESTful API တစ်ခုကို ဥပမာအနေနဲ့သုံးပါမယ်။


GET Request တွေကို ဘယ်လိုခေါ်မလဲ?

JavaScript မှာ API request လုပ်ဖို့အတွက် fetch API ကိုသုံးနိုင်ပါတယ်။ fetch API က Promise-based API ဖြစ်ပြီး HTTP Request တွေ၊ Response တွေကို Asynchronous ပုံစံကိုင်တွယ်ဖို့အသုံးပြုပါတယ်။


Javascript မှာ fetch ကိုသုံးပြီး အခုလို GET Request လုပ်နိုင်ပါတယ်။

// API URL ကိုသတ်မှတ်ပါ

const apiUrl = 'https://api.example.com/data';

// GET request လုပ်ပါ

fetch(apiUrl)

  .then(response => {

    if (!response.ok) {

      throw new Error('Network response was not ok');

    }

    return response.json();

  })

  .then(data => {

    console.log(data);

  })

  .catch(error => {

    console.error('Error:', error);

  });

အပေါ်ကကုဒ်မှာဆိုရင် ကျွန်တော်တို့ ခေါ်ယူချင်တဲ့ API URL ကို ပထမဆုံး သတ်မှတ်ပါတယ်။ API URL ဆီကို GET Request လုပ်ဖို့ fetch Function ကို သုံးပါတယ်။ fetch Function က Promise တစ်ခုကို ပြန်ပေးပါတယ်။ .then() Method က Server ကနေ Asynchronous Response ကို ကိုင်တွယ်ဖို့ သုံးပါတယ်။ ရောက်ရှိလာတဲ့ Response ကို အောင်မြင်ကြောင်း သေချာအောင် စစ်ဆေးပါတယ်။ အဲဒီနောက် response.json() Method ကိုသုံးပြီး JSON Data အဖြစ် ရယူပါတယ်။ နောက်ဆုံးမှာ Data ကို Console မှာ ထုတ်ပြပါတယ်၊ အကယ်၍ Error တခုခုဖြစ်လာခဲ့ရင် Error ကို ထုတ်ပြပေးမှာပါ။


Response တွေကို ဘယ်လိုကိုင်တွယ်မလဲ?

API Call လုပ်တဲ့အခါ Server ကနေ သက်ဆိုင်ရာ Data တွေကို ပြန်ပေးပါတယ်။ ရောက်ရှိလာတဲ့ Data တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာက ကျွန်တော်တို့ Application ရဲ့လိုအပ်ချက်အပေါ်မူတည်ပါတယ်။ ရှေ့ကဖော်ပြခဲ့တဲ့နမူနာကုဒ်မှာတော့ Data တွေကို Console မှာပဲ ထုတ်ပြထားတာပါ။ တကယ်တမ်းလက်တွေ့မှာ Data တွေကို Application UI မှာပြသတာ၊ Database ထဲမှာ သိမ်းဆည်းတာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ လိုအပ်သလို လုပ်ဆောင်နိုင်ပါတယ်။

API Data တွေကို HTML Element တစ်ခုမှာပြသဖို့ အခုလို ရေးနိုင်ပါတယ်။

const apiUrl = 'https://api.example.com/data';

const outputElement = document.getElementById('output');

fetch(apiUrl)

  .then(response => {

    if (!response.ok) {

      throw new Error('Network response was not ok');

    }

    return response.json();

  })

  .then(data => {

    // HTML မှာ data ကိုပြသပါမယ်

    outputElement.textContent = JSON.stringify(data, null, 2);

  })

  .catch(error => {

    console.error('Error:', error);

  });

ဒီနမူနာကုဒ်မှာတော့ Data ပြသပေးမယ့် HTML Element ကို outputElement ဆိုတဲ့ variable အဖြစ် သတ်မှတ်ပါတယ်။ textContent property ကိုသုံးပြီး JSON Data နဲ့ element ရဲ့ content ကို အပ်ဒိတ်လုပ်လိုက်တာပါ။


Error Handling ဘယ်လိုကိုင်တွယ်မလဲ?

JavaScript မှာ API Call တွေ ခေါ်တဲ့အခါ Error Handling က အရေးကြီးပါတယ်။ API Request တွေဆိုတာ Network Issue လိုမျိုး၊ ဒါမှမဟုတ် Server Problem တွေ၊ URL မှားနေတာမျိုးတွေ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် Fail ဖြစ်သွားနိုင်ပါတယ်။


ရှေ့မှာဖော်ပြခဲ့တဲ့ နမူနာတွေမှာတုန်းက fetch ရဲ့ Promise-based Error Handling ကိုသုံးပြီး Error တွေကို ကိုင်တွယ်ခဲ့ပါတယ်။ catch block ကိုသုံးတာအပြင်၊ response.status ကိုသုံးပြီး API Request တခုရဲ့ HTTP Status Code ကိုလည်း အခုလို စစ်ဆေးနိုင်ပါတယ်။

const apiUrl = 'https://api.example.com/data';

fetch(apiUrl)

  .then(response => {

    if (!response.ok) {

      if (response.status === 404) {

        throw new Error('Data not found');

      } else if (response.status === 500) {

        throw new Error('Server error');

      } else {

        throw new Error('Network response was not ok');

      }

    }

    return response.json();

  })

  .then(data => {

    outputElement.textContent = JSON.stringify(data, null, 2);

  })

  .catch(error => {

    console.error('Error:', error);

  });

ဒီနမူနာမှာဆိုရင် HTTP Status Code တွေဖြစ်တဲ့ 404 နဲ့ 500 တို့ကို တိုက်စစ်ပြီး Error Handling လုပ်ထားတဲ့အတွက် Error Message တွေကို ပိုပြီးရှင်းလင်းအောင် ထုတ်ပြသွားနိုင်ပါတယ်။ Application ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး Error Handling ကိုကိုင်တွယ်ရတာပါ။


POST Request ဘယ်လိုလုပ်မလဲ?

အခုထိ ကျွန်တော်တို့ လေ့လာခဲ့တာက GET Request တွေအကြောင်းပါ။ ဒီကောင်တွေကို API ကနေ Data တွေ ရယူဖို့အတွက် သုံးပါတယ်။ ဒါပေမယ့် Data တွေကို API ဆီကို ပေးပို့ဖို့လည်း လိုအပ်ပါသေးတယ်။ အဲဒီအတွက် POST Request တွေကို သုံးရပါတယ်။


fetch ကိုသုံးပြီး POST request တခုကို အခုလို ရေးသားနိုင်ပါတယ်။

const apiUrl = 'https://api.example.com/data';

const data = {

  name: 'John Doe',

  email: '[email protected]',

};

const requestOptions = {

  method: 'POST',

  headers: {

    'Content-Type': 'application/json',

  },

  body: JSON.stringify(data),

};

fetch(apiUrl, requestOptions)

  .then(response => {

    if (!response.ok) {

      throw new Error('Network response was not ok');

    }

    return response.json();

  })

  .then(data => {

    outputElement.textContent = JSON.stringify(data, null, 2);

  })

  .catch(error => {

    console.error('Error:', error);

  });

ဒီနမူနာကုဒ်မှာ ပေးပို့လိုတဲ့ Data ကို Object အဖြစ် ပထမဆုံး သတ်မှတ်ပါတယ်။ requestOptions ဆိုတဲ့ Object မှာ method (POST), content type (application/json) နဲ့ ပေးပို့ချင်တဲ့ data တွေကို JSON format သုံးပြီး fetch Function ထဲမှာ ထည့်ပေးလိုက်ပါတယ်။ ကျန်တဲ့ကုဒ်တွေကတော့ အရင်နမူနာတွေနဲ့ ဆင်တူပါတယ်။ Error Handling နဲ့ Data Processing တွေပါဝင်ပါတယ်။


API တွေက Application တွေအတွက် ပြင်ပက ဒေတာတွေ၊ ဝန်ဆောင်မှုတွေကို ရယူဖလှယ်ပေးနိုင်တဲ့အတွက် မရှိမဖြစ် နည်းပညာတခုဖြစ်နေပါတယ်။ ဒါကြောင့် API တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့က Developer တွေအတွက် အရမ်းအရေးကြီးပါတယ်။


ဒီဆောင်းပါးမှာဆိုရင် GET နဲ့ POST Request တွေ ဖန်တီးရေးသားပုံ၊ Response တွေ၊ Error တွေ ကိုင်တွယ်ပုံတွေကို လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ ပရောဂျက်တွေမှာ API တွေ ခေါ်ယူအသုံးပြုတဲ့အခါ API တစ်ခုချင်းစီမှာ မတူညီတဲ့ Requirement တွေ၊ Rate Limit တွေ၊ Usage Policy တွေ၊ Restriction တွေရှိနိုင်တာကြောင့် မှန်မှန်ကန်ကန် သုံးစွဲနိုင်ဖို့ API ရဲ့ သက်ဆိုင်ရာ Documentation တွေကို သေသေချာချာ ဖတ်ရှုလေ့လာဖို့တော့ လိုအပ်ပါလိမ့်မယ်။


#CodeWithThura #API


0

Comments