Mon May 26 2025 • 3 mins read
Developer တစ်ယောက်အဖြစ် စတင်ဖို့ မလွယ်ကူပါဘူး။ Programming Language အမျိုးမျိုး၊ Framework အမျိုးမျိုး၊ နေ့စဉ် အသစ်တတ်လာတဲ့ Tutorial တွေ၊ Course တွေကြားမှာ တစ်ခါတလေ လမ်းပျောက်သလို ခံစားသွားစေနိုင်ပါတယ်။ မလေ့လာတော့ပါဘူးလို့တောင် ဆုံးဖြတ်လောက်မိတဲ့အထိပါပဲ။ ဒါဟာ Developer လမ်းကြောင်းကို စတင်သူတိုင်း ကြုံနေရတဲ့ အခြေအနေပါ။ ဒါကြောင့် ဒီလမ်းကို အဆင့်ဆင့် ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ဒီဆောင်းပါးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
၁။ ဘာကြောင့် Developer ဖြစ်ချင်တာလဲ?
ကုဒ်မရေးခင် ဘာကြောင့် ဒီလမ်းကြောင်းကို စတင်ချင်တာလဲဆိုတာကို အရင်ဆုံး မေးရပါမယ်။ Website တွေ ဖန်တီးချင်လို့လား။ Facebook တို့၊ Grab တို့လို App တွေ ဖန်တီးချင်လို့လား။ ဒါမှမဟုတ် လစာကောင်းကောင်းလိုချင်တာကြောင့်လား။ ဒီမေးခွန်းတွေရဲ့ အဖြေက အနာဂတ်မှာ ရုန်းကန်ကြိုးစားရတဲ့အခါ ဘယ်လမ်းကို အရောက်သွားရမလဲဆိုတာကို လမ်းပြပေးမယ့် အခြေခံကျတဲ့ စွမ်းအားတစ်ခု ဖြစ်လာနိုင်ပါတယ်။
၂။ လမ်းကြောင်းရွေးပါ
Development နယ်ပယ်မှာ အလုပ်အကိုင်လမ်းကြောင်းတွေ များစွာရှိပါတယ်။ မိမိအတွက် သင့်တော်တဲ့ နယ်ပယ်ကို ရွေးချယ်ဖို့ လိုပါမယ်။
Front-End Developer - Website တွေ၊ Application တွေရဲ့ အသုံးပြုသူတွေ မြင်တွေ့ရမယ့်အပိုင်းတွေကို အဓိက ရေးသားလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
Back-End Developer - Application တွေရဲ့ (Database အပိုင်းတွေ၊ Server အပိုင်းတွေ) စသည်ဖြင့် နောက်ကွယ်က လုပ်ငန်းစဉ်တွေကို အဓိက ရေးသားလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
Full-Stack Developer - Front-End ပိုင်းရော၊ Back-End ပိုင်းရော နှစ်ခုစလုံး ရေးသားလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
Mobile Developer - မိုဘိုင်း App တွေကို အဓိက ရေးသားလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
Data Scientist - ဒေတာတွေကို အသုံးပြုပြီး ကောက်ချက်ချခြင်း၊ ကြိုတင်ခန့်မှန်းခြင်း၊ AI model တွေ ဖန်တီးတည်ဆောက်ခြင်း စသည်ဖြင့် အဓိက လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
DevOps Engineer - Application တွေရဲ့ Deployment လုပ်ငန်းစဉ်တွေနဲ့ Infrastructure ပိုင်းကို အဆင်ပြေ ချောမွေ့စေဖို့ အဓိက တာဝန်ယူ လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။
ဒီနယ်ပယ်တွေမှာ ဘယ်လိုအလုပ်အကိုင်တွေကို ရွေးရမလဲဆိုတာ သေချာစီစစ်ဖို့ လိုအပ်ပါမယ်။
၃။ အခြေခံသဘောတရားတွေကို စလေ့လာပါ
စလေ့လာတဲ့အခါ သဘောတရားတွေကို တဆင့်ချင်း လေ့လာရပါမယ်။ အရာအားလုံးကို တခါတည်း လေ့လာဖို့ မလိုအပ်ပါဘူး။ ပထမဆုံး Programming Language တစ်ခုကိုသာ စတင်လေ့လာပါ။ Javascript က Web Development အတွက် ပြီးပြည့်စုံပါတယ်၊ Python ကတော့ Beginner တွေအတွက် အလွယ်ဆုံးဖြစ်ပါတယ်။
"ဒီနေရာမှာ သတိထားရမှာက အခြေခံသဘောတရားတွေကို မကြေညက်ဘဲ၊ Framework တွေကို လုံးဝ မလေ့လာသင့်ပါဘူး။"
သင်ယူဖို့ Free Resources တွေအများကြီးရှိပါတယ် - FreeCodeCamp, Codecademy, CS50 by Harvard တို့လို ဆိုက်ဒ်တွေက တဆင့် လေ့လာနိုင်ပါတယ်။
ကျနော်တို့ Code with Thura ပေ့ချ်မှာလည်း နည်းပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ရေးသားမျှဝေပေးနေပါတယ်။
၄။ လက်တွေ့ကိုယ်တိုင် စမ်းပြီး Project တည်ဆောက်ပါ
လေ့လာသင့်တာတွေ လေ့လာပြီးရင် မိမိရဲ့ Skill ကို တည်ဆောက်ဖို့အတွက် Project လေးတွေ စမ်းရေးကြည့်ပါ။ Beginner Project တွေအနေနဲ့ Personal Portfolio, Weather Forecast App, Blog Site တို့လို ကိုယ်တိုင် ရေးသားနိုင်တဲ့ ပရောဂျက်လေးတွေကို ဖန်တီးနိုင်ပါတယ်။
Tutorial တွေ၊ Course တွေက သင်ပြပေးထားတဲ့ Project တွေကို လိုက်ကူးရေးတာထက် ပိုပြီးရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင် တည်ဆောက်မယ့် Project တွေမှာ ထည်သွင်းရေးသားသင့်ပါတယ်။
၅။ အထင်ကြီးစေလောက်မယ့် Portfolio တခု ပြုလုပ်ပါ
GitHub Pages, Netlify နဲ့ Vercel တွေလို Free Hosting တွေပေါ်မှာ Portfolio Website လေးတစ်ခုတည်ဆောက်ပြီး မိမိရဲ့ Project တွေကို ပြသထားဖို့ လိုအပ်ပါတယ်။ ဒီ Portfolio က မိတ်ဆွေတို့ရဲ့ Coding Skill တွေကို ပြသပေးနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
၆။ Community တွေထဲ ပါဝင်ပါ
Developer လမ်းကြောင်းဟာ တစ်ကိုယ်တော်ကြမ်းလို့ရတာ မဟုတ်ပါဘူး။ လေ့လာသူတွေအနေနဲ့ Community တွေ၊ Group တွေ၊ Discussion Forum တွေမှာ ပါဝင်ခြင်းက အရမ်းကို အရေးကြီးပါတယ်။ တခြားသူတွေရဲ့ Disscusion တွေ၊ Feedback တွေကို ဖတ်ရှုလေ့လာနိုင်သလို လိုအပ်လာတဲ့အခါမှာ အကြံဉာဏ်တွေ ဝင်ရောက် တောင်းဆိုနိုင်မှာဖြစ်ပါတယ်။
၇။ အဆက်မပြတ် လေ့လာပါ
နည်းပညာဟာ အမြဲတမ်း ဖွံ့ဖြိုးတိုးတက်နေတာမို့ အသစ်တွေကို မကြောက်ဘဲ စမ်းသပ်လေ့လာနေဖို့လိုအပ်ပါတယ်။ လေ့လာပါ၊ စမ်းသပ်ပါ၊ မျှဝေပါ။
ကလစ်တချက်နှိပ်လိုက်လို့ Error တက်သွားတဲ့အချိန်တွေရှိသလို၊ ကိုယ့်ကိုယ်ကို ဂုဏ်ယူမဆုံးဖြစ်စေတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ အရမ်းတော်တဲ့ Developer တွေဟာ Beginner ဘဝကနေ စတင်ခဲ့ကြရတာပါ။
Developer လမ်းကြောင်းကို စတင်လျှောက်လှမ်းချိန်မှာ ခက်ခဲနိုင်ပေမယ့် တဖြည်းဖြည်းလျှောက်လှမ်းလာတဲ့အခါ ခြေလှမ်းတိုတိုလေးတွေကနေ 10x Developer တယောက်အဖြစ် တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။
Let’s all aim to become 10x developers 🚀
#CodeWithThura #SoftwareDevelopment