အင်တာနက်ဆိုတာ ဘာလဲ၊ IP Address တွေ ဘယ်လို အလုပ်လုပ်သလဲ

Wed Jul 02 2025 8 mins read


အင်တာနက်ဆိုတာ ဘာလဲ၊ IP Address တွေ ဘယ်လို အလုပ်လုပ်သလဲ

အင်တာနက်ဆိုတာ ဘာလဲ?

ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ အင်တာနက်ဆိုတာ တကယ်တော့ ကမ္ဘာတစ်ဝန်းက ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ ဧရာမ ကွန်ရက်ကြီး တစ်ခုပါ။ ရိုးရှင်းစွာပြောရရင် သတင်းအချက်အလက်တွေနဲ့ ဒေတာတွေကို ကမ္ဘာအနှံအပြားမှာ လွတ်လပ်စွာ ပေးပို့သွားလာနိုင်အောင် ဖန်တီးထားတဲ့ လမ်းကြောင်းကြီး တစ်ခုပါပဲ။ ဒီလမ်းကြောင်းကြီးပေါ်မှာ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ Facebook, YouTube, Google, TikTok စတဲ့ ဝန်ဆောင်မှုတွေ လည်ပတ်နေကြတာပါ။


အင်တာနက် မပေါ်ခင်တုန်းက ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်ဖိုဆိုတာ မလွယ်ပါဘူး။ ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံး ဒေတာပို့ချင်ရင် ကေဘယ်ကြိုးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ရတာမျိုး၊ ဒါမှမဟုတ် Floppy Disk, USB Drive တွေနဲ့ ကူးပြီး သယ်သွားရတာမျိုးတွေ လုပ်ခဲ့ရပါတယ်။ အင်တာနက် ပေါ်လာပြီးနောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဖက်ခြမ်းက ကွန်ပျူတာတစ်လုံးနဲ့ အခြားတစ်ဖက်ခြမ်းက ကွန်ပျူတာတစ်လုံးဟာ အလွယ်တကူ ချိတ်ဆက်ပြီး ဒေတာတွေ အပြန်အလှန် ပေးပို့နိုင်ခဲ့ပါတယ်။


အင်တာနက်ရဲ့ အခြေခံ သဘောတရားက ဒေတာတွေကို အတုံးသေးသေးလေးတွေ (Packet) အဖြစ် ခွဲပြီး ပို့တာပါ။ ဥပမာ - ကျွန်တော်တိုက www.google.com/search?q=apple ကို ဝင်ကြည့်ချင်တယ်ဆိုပါတော့။ ဒီတော့ ကျွန်တော်တိုရဲ့ ကွန်ပျူတာကနေ Google Server ဆီကို "www.google.com/search?q=apple ကို ပြပေးပါ" ဆိုတဲ့ Request တစ်ခုကို Packet အနေနဲ့ ပိုလိုက်ပါတယ်။ ဒီ Packet လေးဟာ အင်တာနက်လမ်းကြောင်းတစ်လျှောက် Router တွေ၊ Switch တွေ အများကြီးကို ဖြတ်သန်းပြီး Google Server ဆီ ရောက်သွားပါတယ်။ Google Server က Request ကို လက်ခံရရှိပြီဆိုတာနဲ့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ Google Website ရဲ့ ဒေတာတွေကို Packet အနေနဲ့ပဲ ပြန်ပိုပေးပါတယ်။ အဲ့ဒီ Packet တွေ ကျွန်တော်တို့ ကွန်ပျူတာဆီ ရောက်လာတာနဲ့ Browser က စုစည်းပြီး ခင်းကျင်းပြသပေးလိုက်တာပါ။ ဒီဖြစ်စဉ်တစ်ခုလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ လုပ်ဆောင်သွားတာဖြစ်ပါတယ်။


ဒီလို Packet တွေကို ပို့တဲ့နေရာမှာ Protocol တွေနဲ့ ပေးပို့ရပါတယ်။ အင်တာနက်ပေါ်မှာ အများဆုံး သုံးတဲ့ Protocol က TCP/IP (Transmission Control Protocol/Internet Protocol) ပါ။ TCP က Packet အသေးလေးတွေအဖြစ် ခွဲပို့ပေးပြီး၊ လက်ခံတဲ့အခါမှာလည်း အဲ့ဒီ Packet တွေကို ပြန်လည်စုစည်းချိတ်ဆက်တာမျိုး လုပ်ဆောင်ပေးပါတယ်။ IP ကတော့ ဒီဒေတာ Packet တွေကို မှန်ကန်တဲ့ နေရာကို ရောက်အောင် လမ်းကြောင်းပြပေးတာမျိုး လုပ်ဆောင်ပေးပါတယ်။

IP Address တွေအကြောင်း

အင်တာနက်ပေါ်မှာ ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်ပြောဆိုနိုင်ဖို့အတွက် ကွန်ပျူတာတိုင်းမှာ လုံးဝ မတူညီတဲ့ လိပ်စာတစ်ခုစီ ရှိရပါတယ်။ ဒီလိပ်စာကို IP Address လို့ ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် IP Address ဆိုတာ Computer Network ပေါ်က Device တွေကို ကွဲပြားခြားနားစေဖို့ သတ်မှတ်ပေးထားတဲ့ ဂဏန်းအစုအဝေးတွေပါပဲ။ အိမ်တိုင်းမှာ လိပ်စာရှိသလိုမျိုးပဲ အင်တာနက်ပေါ်က ကွန်ပျူတာတိုင်းမှာလည်း ကိုယ်ပိုင်လိပ်စာလေးတွေ ရှိကြပါတယ်။ ဒီလိပ်စာတွေကို သုံးပြီးတော့ ကွန်ပျူတာတွေ အချင်းချင်း ဘယ်ဆီကို ဒေတာပို့ရမယ်ဆိုတာကို သတ်မှတ်ရတာပါ။


IP Address တွေမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ IPv4 နဲ့ IPv6 ပါ။


IPv4 ကတော့ အသုံးအများဆုံး IP Address အမျိုးအစားပါ။ ဂဏန်းလေးလုံးကို အစက်တွေနဲ့ ခွဲပြီး ဖော်ပြပါတယ်။ ဥပမာ - 192.168.1.1 ဒါမှမဟုတ် 172.217.160.142 စသဖြင့်ပါ။ ဒီ IP Address တွေဟာ 0 ကနေ 255 ကြားက ဂဏန်းတွေနဲ့ ဖွဲစည်းထားတဲ့အတွက် ကန့်သတ်ချက်ရှိပါတယ်။ အများဆုံး Device 2³² ခုထိပဲ သတ်မှတ်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အင်တာနက်အသုံးပြုတဲ့ Device တွေ အရမ်းများလာတော့ IPv4 Address တွေက မလုံလောက်တော့ပါဘူး။ ဒါကြောင့် နောက်ထပ် IPv6 ဆိုပြီး ပေါ်လာခဲ့ပါတယ်။


IPv6 ကတော့ IPv4 ရဲ့ ချိုယွင်းချက်တွေကို ဖြည့်ဆည်းပေးဖို ထွက်ပေါ်လာတာပါ။ ဂဏန်းတွေနဲ့ အက္ခရာတွေကို သုံးပြီး ဖော်ပြပါတယ်။ ဥပမာ - 2001:0db8:85a3:0000:0000:8a2e:0370:7334 စသဖြင့်ပါ။ IPv6 Address တွေရဲ့ ကန့်သတ်ချက်က 2¹²⁸ ခုအထိ ရှိနိုင်တာကြောင့် ကမ္ဘာပေါ်က Device အားလုံးအတွက် လုံလောက်ပါတယ်။ ဒါဟာ အနာဂတ် အင်တာနက်ချိတ်ဆက်မှုအတွက် ပိုများတဲ့ Device တွေကို ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။


IP Address တွေကို Public IP နဲ့ Private IP ဆိုပြီးလည်း ခွဲခြားနိုင်ပါသေးတယ်။


Public IP Address ကတော့ အင်တာနက်ကို တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ လိပ်စာတွေပါ။ ISPs (Internet Service Providers) တွေက Public IP Address တွေ သတ်မှတ်ပေးပါတယ်။ ဒီ Public IP ကို သုံးပြီး အင်တာနက်ပေါ်က တခြားသူတွေဆီ ချိတ်ဆက်နိုင်တာပါ။


Private IP Address ကတော့ ကျွန်တော်တိုရဲ့ Local Network (အိမ်တွင်းကွန်ရက် ဒါမှမဟုတ် ရုံးတွင်းကွန်ရက်) အတွင်းမှာပဲ အသုံးပြုနိုင်တဲ့ IP Address အမျိုးအစားပါ။ ဥပမာ - 192.168.x.x ဒါမှမဟုတ် 10.x.x.x စတဲ့ IP Address တွေဟာ Private IP Address တွေပါ။ ဒီ IP Address တွေဟာ အင်တာနက်ပေါ်မှာ တိုက်ရိုက် တွေ့ရလေ့မရှိပါဘူး။ ကျွန်တော်တိုရဲ့ အိမ်တွင်း Network ထဲက ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ Printer တွေ အချင်းချင်း ချိတ်ဆက်ဖိုအတွက် ဒီ Private IP Address တွေကို အသုံးပြုပါတယ်။ ပြင်ပအင်တာနက်နဲ့ ချိတ်ဆက်ဖိုဆိုရင်တော့ Router ကနေ Public IP ကို ပြောင်းပြီး ချိတ်ဆက်ပေးတာမျိုး လုပ်ရပါတယ်။ ဒီဖြစ်စဉ်ကို NAT (Network Address Translation) လို ခေါ်ပါတယ်။

IP Address တွေ ဘယ်လို အလုပ်လုပ်သလဲ?

IP Address တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာ နားလည်ဖိုအတွက် အင်တာနက်ပေါ်က Website တစ်ခုကို ဝင်ကြည့်တဲ့ ဥပမာနဲ့ လေ့လာပါမယ်။


(က) DNS Lookup

ကျွန်တော်တို Browser ထဲမှာ google ဒေါ့ကွန်းလို ရိုက်ထည့်လိုက်တယ်ဆိုပါစို။ ကျွန်တော်တိုရဲ့ ကွန်ပျူတာက google ဆိုတဲ့ လိပ်စာက ဘယ် IP Address နဲ့ သက်ဆိုင်လဲဆိုတာ သိဖိုအတွက် DNS Server (Domain Name System Server) ကို မေးပါတယ်။ DNS Server ကတော့ အင်တာနက်ရဲ့ ဖုန်းနံပါတ်စာအုပ်လိုမျိုးပါပဲ။ Website နာမည်တွေကို သူတိုနဲ့ သက်ဆိုင်တဲ့ IP Address တွေနဲ့ တွဲပြီး မှတ်ထားပေးပါတယ်။ ဥပမာ - google ရဲ့ IP Address က 172.217.160.142 ဖြစ်ကြောင်း DNS Server တွေက ပြန်ပြောပြပေးပါလိမ့်မယ်။

"DNS ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ" ဆိုတဲ့ ဆောင်းပါးကို ဒီလင့်ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။


(ခ) Request ပေးပိုခြင်း:

DNS Server က Google ရဲ့ IP Address ကို ပြန်ပြောပြပြီးတာနဲ့ ကျွန်တော်တိုရဲ့ ကွန်ပျူတာက သက်ဆိုင်ရာ Website Data တွေကို ရယူဖိုအတွက် အဆိုပါ IP Address ဆီကို Request Packet တွေကို ပိုပါတယ်။ ဒီ Packet တွေထဲမှာ ကျွန်တော်တို ကွန်ပျူတာရဲ့ IP Address (Source IP) နဲ့ Google Server ရဲ့ IP Address (Destination IP) တွေ ပါဝင်ပါတယ်။


(ဂ) Routing:

ဒီ Packet တွေဟာ အင်တာနက်လမ်းကြောင်းတစ်လျှောက် Router တွေ၊ Gateway တွေ အများကြီးကို ဖြတ်သန်းသွားပါတယ်။ Router တွေက အဆိုပါ Packet တွေရဲ့ Destination IP Address ကို ကြည့်ပြီး ဘယ်လမ်းကြောင်းကနေသွားရင် အမြန်ဆုံးနဲ့ အကောင်းဆုံး ရောက်နိုင်မလဲဆိုတာ ဆုံးဖြတ်ပြီး လမ်းကြောင်းပြပေးပါတယ်။


(ဃ) Response ရရှိခြင်း:

နောက်ဆုံးမှာတော့ Google Server ဆီကို Request Packet တွေ ရောက်သွားပြီး Google Server ကနေ ကျွန်တော်တို တောင်းဆိုထားတဲ့ Website Data တွေကို Packet အနေနဲ့ ပြန်ပိုပေးပါတယ်။ ဒီ Packet တွေမှာလည်း Google Server ရဲ့ IP Address (Source IP) နဲ့ ကျွန်တော်တို ကွန်ပျူတာရဲ့ IP Address (Destination IP) တွေ ပါဝင်ပြီး အင်တာနက်ပေါ်က Router တွေကတဆင့် ကျွန်တော်တို့ဆီ ပြန်ရောက်လာပါတယ်။


(င) Display လုပ်ခြင်း:

ကျွန်တော်တို့ ကွန်ပျူတာဆီ Packet တွေ အားလုံးရောက်လာတာနဲ့ Browser က ဒီ Packet တွေကို စုစည်းပြီး Google ရဲ့ Website ကို ပြသပေးတာပဲ ဖြစ်ပါတယ်။


ဒီဖြစ်စဉ် တစ်ခုလုံးဟာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လုပ်ဆောင်သွားတာပါ။ ဒါဟာ ကျွန်တော်တို နေ့စဉ်ထိတွေ့နေရတဲ့ ဒစ်ဂျစ်တယ်လောကရဲ့ နောက်ကွယ်က ရှုပ်ထွေးလှတဲ့ နည်းပညာတွေထဲက တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။ ဒီလို အင်တာနက်ရဲ့ အခြေခံသဘောတရားတွေ၊ IP Address တွေရဲ့ အလုပ်လုပ်ပုံတွေကို နားလည်ထားခြင်းအားဖြင့် ကျွန်တော်တိုဟာ နေ့စဉ်သုံးနေတဲ့ နည်းပညာတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ပိုမိုရှင်းလင်းစွာ မြင်လာနိုင်မှာ ဖြစ်သလို၊ Web Development နဲ့ တခြားသော ပိုမိုနက်ရှိင်းတဲ့ နည်းပညာနယ်ပယ်တွေ လေ့လာရာမှာလဲ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အနာဂတ်မှာ နည်းပညာတွေ ပိုမိုတိုးတက်ပြောင်းလဲလာခဲ့ရင်တောင် ဒီအခြေခံသဘောတရားတွေက ကျွန်တော်တို့ကို အထောက်အကူပြုနေမှာ အမှန်ပါပဲ။


0

Comments