Fri Jul 04 2025 • 5 mins read
အင်တာနက်ကို နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ ကျွန်တော်တို့အတွက် Domain Name ဆိုတဲ့ စကားလုံးက ရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း Domain Name တွေရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံကိုတော့ အသေးစိတ်သိသူ နည်းပါတယ်။ ဒီဆောင်းပါးမှာ Domain Name ရဲ့ အခြေခံသဘောတရား၊ အတွင်းပိုင်း အလုပ်လုပ်ပုံအဆင့်ဆင့်နဲ့ သူ့ကိုဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေ အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ အသေးစိတ် ဆွေးနွေးသွားပါမယ်။
Domain Name ဆိုတာ အင်တာနက်ပေါ်က ဝက်ဘ်ဆိုဒ်တစ်ခုစီတိုင်းမှာ ရှိတဲ့ ထူးခြားတဲ့ လိပ်စာတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီအချက်ကို နားလည်အောင် ဥပမာလေးတစ်ခုနဲ့ ရှင်းပြရရင်၊ ကျွန်တော်တို့ရဲ့ အိမ်တွေ၊ ရုံးတွေမှာ ကိုယ်ပိုင်လိပ်စာ ရှိသလိုမျိုးပဲ Website တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်လိပ်စာတွေ ရှိကြပါတယ်။ အင်တာနက်ပေါ်က Device တိုင်းမှာ IP Address လို့ခေါ်တဲ့ လိပ်စာတွေ ရှိကြပါတယ်။ (ဥပမာ- 192.168.1.1 ဒါမှမဟုတ် 2001:0db8:85a3:0000:0000:8a2e:0370:7334 စသည်ဖြင့်ပါ)။ ဒီဂဏန်းတွေက လူတွေမှတ်မိဖို့ ခက်ခဲပါတယ်။ ဒါကြောင့် လူတွေမှတ်မိလွယ်အောင်၊ ခေါ်ရလွယ်အောင် စကားလုံးတွေ၊ နာမည်တွေနဲ့ ပြောင်းဖန်တီးထားတာကို Domain Name လို့ခေါ်ပါတယ်။ ဥပမာ - Google ရဲ့ IP Address ကို မှတ်နေမယ့်အစား Google လို့ မှတ်ထားတာက ပိုပြီးလွယ်ကူသွားစေပါတယ်။
ဒီတော့ Web Browser ထဲမှာ Facebook ဒေါ့ကွန်းလို့ ရိုက်ထည့်လိုက်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ ကွန်ပျူတာက Domain Name System (DNS) လို့ခေါ်တဲ့ ဆာဗာဆီသွားပြီး Facebook ရဲ့ IP Address ကို မေးမြန်းပါတယ်။ အဲဒီနောက် DNS ဆာဗာက ပြန်ပေးလိုက်တဲ့ Facebook ရဲ့ IP Address ကိုအသုံးပြုပြီး ကျွန်တော်တို့ရဲ့ ဘရောက်ဆာက တဖန်ပြန်လည် ဆက်သွယ်ရပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လုပ်ဆောင်သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က Domain Name တွေကို ရိုက်ထည့်လိုက်တာနဲ့ ဝက်ဘ်ဆိုဒ်တွေကို ချက်ချင်း မြင်ရတာ ဖြစ်ပါတယ်။
"DNS ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ" ဆိုတဲ့ ဆောင်းပါးကို ဒီလင့်ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
Command Line (Terminal) ကိုသုံးတတ်တဲ့သူဆိုရင် nslookup ဆိုတဲ့ command နဲ့ စမ်းကြည့်လို့ရပါတယ်။
nslookup google.com
ဒီ command ကို run လိုက်ရင် google နဲ့သက်ဆိုင်တဲ့ IP Address တွေကို DNS ကနေတစ်ဆင့် ရှာဖွေ ပြသပေးပါလိမ့်မယ်။ ဒါဟာ DNS အလုပ်လုပ်ပုံကို လက်တွေ့မြင်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။
Domain Name တစ်ခုမှာ အဓိက အစိတ်အပိုင်းနှစ်ခု ပါဝင်ပါတယ်။ Second-Level Domain နဲ့ Top-Level Domain (TLD) ပါ။
Top-Level Domain (TLD) ဆိုတာက Domain Name ရဲ့ နောက်ဆုံးအပိုင်းပါ။ ဥပမာအားဖြင့် .com (Commercial), .org (Organization), .net (Network), .gov (Gorverment), .edu (Education) စတာတွေပါ။ နိုင်ငံအလိုက် TLD တွေလည်း ရှိပါသေးတယ်၊ ဥပမာ - မြန်မာနိုင်ငံအတွက် .mm၊ အမေရိကန်အတွက် .us၊ ဂျာမနီအတွက် .de စသဖြင့် အမျိုးမျိုးရှိပါတယ်။
Second-Level Domain ဆိုတာကတော့ TLD ရဲ့ ရှေ့မှာရှိတဲ့ အပိုင်းပါ။ ဥပမာ google ဒေါ့ကွန်းမှာဆိုရင် google က Second-Level Domain ဖြစ်ပြီး .com က TLD ပါ။ ဒီ Second-Level Domain ကိုတော့ ဝက်ဘ်ဆိုဒ်ပိုင်ရှင်တွေက ကိုယ်ကြိုက်နှစ်သက်ရာ နာမည်ကို ရွေးချယ်ပြီး မှတ်ပုံတင်ကြတာ ဖြစ်ပါတယ်။
Domain Name မှာ အခြား အစိတ်အပိုင်းတွေလည်း ပါဝင်နိုင်ပါသေးတယ်။ ဥပမာ - blog.example.com လိုမျိုးဆိုရင် blog က Subdomain ဖြစ်ပါတယ်။ Subdomain တွေဟာ Main Domain အောက်မှာပဲ ရှိပြီး၊ Website ရဲ့ ကဏ္ဍအသီးသီးကို ခွဲခြားပြသဖို့အတွက် အသုံးပြုကြပါတယ်။
လက်ရှိရောက်နေတဲ့ စာမျက်နှာရဲ့ Domain Name ကို JavaScript မှာ အခုလို အလွယ်တကူရယူနိုင်ပါတယ်။
// Browser's console မှာ ဒီကုဒ်ကို run ကြည့်နိုင်ပါတယ်။
const currentDomain = window.location.hostname;
console.log("You are currently on:", currentDomain);
//"www example com" ဆိုပြီး ပြပေးပါလိမ့်မယ်။
Domain Name တွေဟာ Website တွေအတွက် အရေးပါရခြင်း အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ပထမအချက်က မှတ်မိလွယ်စေတာပါ။ ရှည်လျားတဲ့ IP Address တွေအစား မှတ်မိလွယ်တဲ့ နာမည်လေးတွေက လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ ပိုပြီး စွဲထင်စေပါတယ်။ နောက်တစ်ချက်က Brand Identity နဲ့ Trust ပါ။ Domain Name တွေက ကျွန်တော်တို့ လုပ်ငန်း၊ ကုန်ပစ္စည်းတွေရဲ့ အမှတ်တံဆိပ်ကို လွယ်လွယ်ကူကူ မှတ်မိစေနိုင်ပြီး လုပ်ငန်းအပေါ် ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။ နောက်ဆုံးတစ်ချက်က SEO (Search Engine Optimization) ပါ။ တိကျသေချာတဲ့ Domain Name တစ်ခုဟာ Google လိုမျိုး Search Engine တွေမှာ ပိုပြီး ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် အလားလာရှိပါတယ်။ ဒီအချက်တွေကြောင့် Domain Name တွေ ဟာ အရေးပါနေရတာပါ။
နိဂုံးချုပ်ရရင် ပြောရမယ်ဆိုရင် Domain Name ဆိုတာက အင်တာနက်ပေါ်က ဝက်ဘ်ဆိုဒ်တွေရဲ့ အလွယ်တကူ မှတ်မိနိုင်တဲ့ လိပ်စာတွေဖြစ်ပါတယ်။ သူ့ရဲ့နောက်ကွယ်မှာတော့ Domain Name System (DNS) ဆာဗာတွေက Domain Name တွေကို IP address တွေနဲ့ ချိတ်ဆက်ပေးပြီး အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Web Browser မှာ Domain Name ကို ရိုက်ထည့်လိုက်တာနဲ့ သက်ဆိုင်ရာ ဝက်ဘ်ဆိုဒ်ကို ချက်ချင်းရောက်ရှိသွားတာပါ။ Web Developer တစ်ယောက်အနေနဲ့ ဒီ Domain Name ရဲ့ အလုပ်လုပ်ပုံကို အတွင်းကျကျနားလည်ထားခြင်းက Website တွေတည်ဆောက်တဲ့အခါ၊ ပြဿနာတွေ ရှာဖွေဖြေရှင်းတဲ့အခါမှာ အများကြီးအထောက်အကူပြုစေမှာ အသေအချာပါပဲ။