ကွန်ပျူတာ မျိုးဆက်များကို သမိုင်းကြောင်းတလျှောက် လေ့လာကြည့်ခြင်း

Tue Jun 03 2025 5 mins read


ကွန်ပျူတာ မျိုးဆက်များကို သမိုင်းကြောင်းတလျှောက် လေ့လာကြည့်ခြင်း

တစ်ချိန်က ကွန်ပျူတာတွေဆိုတာ အခန်းတစ်ခန်းစာလောက် ကြီးမားခဲ့ပြီး ဓာတ်အားပမာဏကို မြို့ငယ်လေးတစ်မြို့စာနီးပါး သုံးစွဲရတာပါ။ အဲဒီကတဆင့် ကွန်ပျူတာတွေရဲ့ သမိုင်းကြောင်းက အလျင်အမြန် ပြောင်းလဲလာခဲ့တာ အခုဆိုရင် ကွမ်တမ်ကွန်ပျူတာမျိုးဆက်အထိ ရောက်ရှိလာပါတယ်။ ဒါဟာ လူသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေက ရရှိလာတဲ့ တိုးတက်မှုတွေပါ။ ကွန်ပျူတာတွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မျိုးဆက် ၅ ဆက်အထိ ပြောင်းလဲလာခဲ့တာ တွေ့ရပါမယ်။ ပထမမျိုးဆက်ကနေ လက်ရှိကွန်ပျူတာမျိုးဆက်အထိ နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်ခဲ့ပါတယ်။ အဆိုပါမျိုးဆက်တစ်ခုချင်းစီကို ဒီဆောင်းပါးမှာ ဖော်ပြသွားပါမယ်။



▪️ပထမမျိုးဆက်: ကနဦး ဧရာမစက်ကြီးများ (၁၉၄၀–၁၉၅၀)

ကွန်ပျူတာတွေရဲ့ သမိုင်းကြောင်းဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက စတင်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ တွက်ချက်ဖို့ လိုအပ်လာတာနဲ့အမျှ ပထမဆုံး အီလက်ထရွန်းနစ် ကွန်ပျူတာတွေ ပေါ်ထွက်လာပါတယ်။ ဒီစက်တွေဟာ အလွန်ကြီးမားပြီး အခန်းတစ်ခန်းစာလောက် နေရာယူပါတယ်။ ဒေတာတွေကို တွက်ချက်လုပ်ဆောင်ဖို့အတွက် ဗက်ကူးပြွန် (vacuum tubes) တွေကို အသုံးပြုခဲ့ရတာပါ။ ဗက်ကူးပြွန်တွေဟာ အပူအများကြီး ထုတ်လွှတ်တဲ့အတွက် လျှပ်စစ်ဓာတ်အားကို အများအပြား သုံးစွဲရသလို ကြာရှည် ခံနိုင်အားနည်းတဲ့အတွက် ပျက်စီးလွယ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဒါဟာ အကောင်းဆုံး နည်းပညာပါပဲ။

အဲဒီခေတ်ရဲ့ ထင်ရှားတဲ့ ကျွန်ပျူတာတစ်ခုကတော့ ENIAC (Electronic Numerical Integrator and Computer) ပါ။ ၁၉၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ENIAC ဟာ တန်ချိန် ၃၀ လေးပြီး၊ ဗက်ကူးပြွန် ၁၇,၀၀၀ ကျော်ပါဝင်ပါတယ်။ တွက်ချက်လုပ်ဆောင်ချက်တွေ ပြုလုပ်ဖို့ဆိုရင် စက်ကို လျှပ်ကြိုးတွေနဲ့ ချိတ်ဆက်ပြီးအသုံးပြုရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ရက်ပေါင်းများစွာ ကြာနိုင်ပေမယ့်၊ ENIAC ဟာ တစ်စက္ကန့်အတွင်း ပေါင်းခြင်း၊ နုတ်ခြင်းစတဲ့ အခြေခံလုပ်ဆောင်ချက် အကြိမ် ၅,၀၀၀ လောက် လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ သူ့ခေတ်သူ့အခါမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။



ဒီပထမမျိုးဆက် ကွန်ပျူတာတွေကို စစ်ရေးနဲ့ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် အဓိက အသုံးပြုပါတယ်။ ဥပမာ၊ စစ်လက်နက်တွေရဲ့ လမ်းကြောင်းတွက်ချက်မှုတွေ ဒါမှမဟုတ် လျှို့ဝှက်စာတွေကို ဖော်ထုတ်ဖို့ စတာမျိုးပါ။ ဒီစက်တွေဟာ သုံးရတာ မလွယ်ကူပေမယ့်၊ နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် ကွန်ပျူတာအားလုံးအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့ပါတယ်။



▪️ဒုတိယမျိုးဆက်: ပိုသေးငယ်၊ ပိုမြန်ပြီး ပိုတည်ငြိမ်သော ကွန်ပျူတာများ (၁၉၅၀–၁၉၆၀)

၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဗက်ကူးပြွန်တွေရဲ့နေရာကို ထရန်စစ္စတာ (transistor) တွေက အစားထိုးဝင်ရောက်လာပါတယ်။ ထရန်စစ္စတာတွေဟာ ပိုသေးငယ်၊ ပိုတည်ငြိမ်ပြီး လျှပ်စစ်ဓာတ်အားကို လျော့နည်းစွာ သုံးစွဲပါတယ်။ ဒီပြောင်းလဲမှုဟာ ဒုတိယမျိုးဆက် ကွန်ပျူတာတွေရဲ့ အစပါပဲ။



ထရန်စစ္စတာတွေနဲ့အတူ၊ ကွန်ပျူတာတွေဟာ ပိုသေးငယ်၊ ပိုမြန်ပြီး၊ ပိုစျေးသက်သာလာပါတယ်။ အဲအတွက်ကြောင့် ဒီစက်တွေဟာ အစိုးရဓာတ်ခွဲခန်းတွေ၊ တက္ကသိုလ်တွေကနေ စီးပွားရေးလုပ်ငန်းတွေအထိ ပျံ့နှံ့လာခဲ့တာပါ။ ဒီခေတ်ရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ IBM 1401 ပါ။ ဒီစက်ဟာ လစဉ် ဒေါ်လာ ၂,၅၀၀ နဲ့ ငှားရမ်းနိုင်တဲ့ စီးပွါးရေးသုံး ကွန်ပျူတာတစ်မျိုးဖြစ်ပြီး၊ ပထမမျိုးဆက်စက်တွေနဲ့ယှဉ်ရင် သိသိသာသာ စျေးသက်သာပါတယ်။

ဒီခေတ်မှာ ပရိုဂရမ်ရေးသားတဲ့လုပ်ငန်းစဉ်လည်း တိုးတက်လာပါတယ်။ စက်တွေကို လျှပ်ကြိုးတွေနဲ့ ပြန်လည်ချိတ်ဆက်ရတာမျိုး မဟုတ်တော့ဘဲ၊ FORTRAN နဲ့ COBOL လို ပရိုဂရမ်မင်းဘာသာစကားတွေကို အသုံးပြုပြီး ခိုင်းစေလာပါတယ်။ ဒါဟာ ကွန်ပျူတာတွေကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါ။



▪️တတိယမျိုးဆက်: IC ခေတ် အစပျိုးခြင်း (၁၉၆၀–၁၉၇၀)

တတိယမျိုးဆက် ကွန်ပျူတာတွေရဲ့ အဓိကလက္ခဏာကတော့ IC (integrated circuit) တွေ တီထွင်နိုင်ခဲ့မှုက စပါတယ်။ IC ဆိုတာ ဆီလီကွန်ချပ်ပြားလေးတစ်ခုပေါ်မှာ ထရန်စစ္စတာထောင်ချီကို ထည့်သွင်းထားတဲ့ နည်းပညာတစ်မျိုးပါ။ ဒီတီထွင်မှုကြောင့် ကွန်ပျူတာတွေဟာ ပိုသေးငယ်၊ ပိုမြန်ပြီး၊ ပိုမိုလျင်မြန် လာခဲ့ပါတယ်။



ဒီခေတ်ရဲ့ ထင်ရှားတဲ့ ကွန်ပျူတာတစ်ခုက IBM System/360 ပါ။ ဒီစက်ဟာ သိပ္ပံနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ကွန်ပျူတာတစ်ခုပါ။ System/360 ဟာ သူ့ရဲ့ လိုက်လျောညီထွေဖြစ်မှု (compatibility) အတွက် ထင်ရှားပါတယ်။ ဒီအချက်ဟာ စက်တစ်မျိုးအတွက် ရေးထားတဲ့ ဆော့ဖ်ဝဲတွေကို အခြားစက်တွေမှာ အသုံးပြုနိုင်တဲ့သဘောပါ။ ဆော့ဖ်ဝဲအသစ်တွေကို ထပ်ခါခါ ပြန်လည်ရေးသားစရာမလိုတော့ဘဲ ကွန်ပျူတာစနစ်တခုလုံးကို အဆင့်မြှင့်တင်သွားနိုင်ခဲ့တာပါ။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲ။



တတိယမျိုးဆက်မှာ time-sharing စနစ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီစနစ်ဟာ ကွန်ပျူတာတစ်လုံးကို လူအများတစ်ပြိုင်နက် အသုံးပြုနိုင်အောင် ဖန်တီးပေးပါတယ်။ ဒါဟာ ခေတ်သစ် ကွန်ပျူတာစနစ်တွေအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့တာပါ။



▪️စတုတ္ထမျိုးဆက်: Personal ကွန်ပျူတာများ၏ တော်လှန်ရေး (၁၉၇၀–၁၉၉၀)

စတုတ္ထမျိုးဆက် ကွန်ပျူတာတွေရဲ့ အဓိကအချက်ကတော့ သေးငယ်မှုနဲ့ လူတိုင်းလက်လှမ်းမီနိုင်မှုပါ။ မိုက်ခရိုပရိုဆက်ဆာ (microprocessor) တွေရဲ့ ပေါ်ထွက်လာခဲ့မှုကြောင့် ကွန်ပျူတာတွေဟာ စားပွဲပေါ်မှာ နေရာယူနိုင်တဲ့အရွယ်အထိ သေးငယ်လာခဲ့ပါတယ်။



ဒီခေတ်မှာ Personal Computer တွေ ပေါ်ထွက်လာပါတယ်။ Apple နဲ့ IBM လို ကုမ္ပဏီတွေဟာ Apple II နဲ့ IBM PC လို ကွန်ပျူတာတွေကို စတင် မိတ်ဆက်လာပါတယ်။ ဒီကွန်ပျူတာတွေမှာ တစ်ဦးချင်းနဲ့ လုပ်ငန်းငယ်လေးတွေအတွက် စျေးသက်သာပြီး အသုံးပြုရလွယ်ကူတဲ့ Interface တွေပါဝင်လာပါတယ်။



ဒီခေတ်ရဲ့ မှတ်တမ်းအဖြစ်အပျက်တစ်ခုကတော့ ၁၉၈၄ ခုနှစ်ရဲ့ Macintosh ကွန်ပျူတာ မိတ်ဆက်ပွဲပါ။ သူ့ရဲ့ ဂရပ်ဖစ်အသုံးပြုမှုစနစ် (GUI) နဲ့ မောက်စ်ကို အသုံးပြုနိုင်တဲ့ Interface တွေက ကွန်ပျူတာကို လွယ်လွယ်ကူကူ လတိုင်းနီးပါး အသုံးပြုနိုင်သွားစေခဲ့တာပါ။ ဒါဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက အခန်းတစ်ခန်းစာကြီးမားလွန်းတဲ့ စက်တွေနဲ့ လုံးဝကွဲပြားခြားနားသွားပြီး ခေတ်သစ် ကွန်ပျူတာအသုံးပြုမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။



▪️ပဉ္စမမျိုးဆက်: အင်တာနက်နဲ့ AI ခေတ် (၁၉၉၀–လက်ရှိ)

ပဉ္စမမျိုးဆက် ကွန်ပျူတာတွေရဲ့ အဓိကလက္ခဏာကတော့ အင်တာနက်နဲ့ AI ဉာဏ်ရည်တု နည်းပညာတွေပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အင်တာနက်ပေါ်ထွက်လာမှုဟာ ကွန်ပျူတာတွေကို တစ်ကမ္ဘာလုံးက သတင်းအချက်အလက်တွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ ကိရိယာတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။


တစ်ချိန်တည်းမှာပဲ၊ AI နည်းပညာတွေဟာ ကွန်ပျူတာတွေကို လူသားတစ်ဦးနီးနီးတွေးခေါ်နိုင်စေခဲ့ပါတယ်။ ယနေ့ခေတ် ကွန်ပျူတာတွေဟာ လူသားတွေရဲ့ စကားပြောဆို ဆက်သွယ်မှုကို နားလည်လာခဲ့ပြီး ဘာသာစကားမျိုးစုံကို ဘာသာပြန်ပေးနိုင်တဲ့အထိ တိုးတတ်လာပါတယ်။ စစ်တုရင်လို ရှုပ်ထွေးတဲ့ ကစားနည်းတွေမှာတောင် လူတွေကို အနိုင်ယူနိုင်တဲ့အထိပါ။ AI နည်းပညာကြောင့် ကွန်ပျူတာတွေဟာ လူတိုင်းရဲ့ နေစဉ်ဘဝမှာ မရှိမဖြစ် လက်ထောက်အကူတယောက်တဖွယ် ဝင်ရောက်လာပါတယ်။


ဒီခေတ်ရဲ့ စိတ်လှုပ်ရှားစရာ တိုးတက်မှုတစ်ခုကတော့ ကွမ်တမ်ကွန်ပျူတာ (quantum computing) ပါ။ ဒီနည်းပညာဟာ လက်ရှိကွန်ပျူတာတွေနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အလားအလာရှိပါတယ်။ ဆေးပညာ၊ cryptography နဲ့ သိပ္ပံပညာရပ်လို နယ်ပယ်တွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်လာနိုင်မှာပါ။

နောက်ထပ်ဘာတွေ ဖြစ်လာမလဲ? ကွန်ပျူတာတွေရဲ့ အနာဂတ်?


အနာဂတ်ကို ကြည့်မယ်ဆိုရင်၊ လူသားတွေရဲ့ တီထွင်ဆန်းသစ်မှု အရှိန်ဟာ ပိုပြီး တိုးတတ်လာမှာပါ။ ဝတ်ဆင်ထားနိုင်တဲ့ နည်းပညာတွေ (wearable technology) ကနေ ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်မှု (brain-computer interface) နည်းပညာတွေအထိ၊ နောက်မျိုးဆက် ကွန်ပျူတာတွေဟာ ကျွန်တော်တို့ရဲ့ ဘဝတွေနဲ့ ပိုမိုပေါင်းစပ်လာမှာ သေချာပါတယ်။ ဇီဝကွန်ပျူတာ (biological computers) တွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ ဒီကွန်ပျူတာတွေဟာ DNA ဒါမှမဟုတ် အခြားဇီဝပစ္စည်းတွေကို အသုံးပြုပြီး တွက်ချက်မှုတွေ လုပ်ဆောင်နိုင်တာမျိုးပါ။

သေချာတာ တစ်ခုကတော့ ကွန်ပျူတာတွေရဲ့ သမိုင်းကြောင်းဟာ လူသားတွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဇွဲလုံ့လတွေရဲ့ သက်သေတွေပါပဲ။ ဂဏန်းပေါင်းစက်လေးတစ်လုံးနီးပါးလောက်တောင် တွက်ချက်မှုတွေ မလုပ်ဆောင်နိုင်ခဲ့တဲ့ ကနဦးဧရာမ ကွန်ပျူတာစက်ကြီးတွေကနေ ကျွန်တော်တို့ရဲ့ ဘဝတွေကို နက်နက်ရှိင်းရှိင်း ချယ်လှယ်နိုင်တဲ့ အသိညဏ်ရှိကွန်ပျူတာကွန်ရက်တွေအထိ၊ ကွန်ပျူတာတွေရဲ့အမိုင်းကြောင်းဟာ အံ့ဖွယ်တိုးတက်လာတာပါ။ ဒါကြောင့် နောက်ထပ် တီထွင်မှုတွေဟာ မကြာခင်မှာ ပေါ်ထွက်လာနိုင်ပါတယ်။


ဒါကြောင့် မိတ်ဆွေအနေနဲ့ နောင်တစ်ချိန် ကွန်ပျူတာ အသုံးပြုဖို့ဖြစ်စေ၊ မိုဘိုင်းဖုန်းကို ထုတ်ပြီး အေအိုင်ရဲ့အကူအညီကို ရယူဖို့ဖြစ်စေ၊ ဒီနေ့အချိန်ထိ ဖြတ်သန်းလာခဲ့တဲ့ ကွန်ပျူတာတွေရဲ့ သမိုင်းကြောင်းကို ပြန်လှည့်ကြည့်ပြီး အတွေးနယ်ချဲ့ကြည့်ပါ။ ဗက်ကူးပြွန်တွေကနေ ကွမ်တမ်ကွန်ပျူတာတွေအထိ သမိုင်းတလျှောက် ပြောင်းလဲလာခဲ့တဲ့ ကွန်ပျူတာတွေဟာ ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လူသားတွေရဲ့ ရိုးရှင်းတဲ့ စိတ်ကူးနဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ရလာဒ်တစ်ခုဆိုတာ ခံစားရမိမှာ သေချာပါတယ်။


#CodeWithThura #computer #generation


0

Comments